Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသ အသေးစား စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ကဝ စက်တင်ဘာ ၁၇

=======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁၇) ရက်နေ့ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း ကျေးလက်ဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး သွားရောက် ကွင်းဆင်းကြည့်ရှုအား ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ကဝမြို့နယ် သပြုကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ဒန်နှင့်သံထည်ပစ္စည်းများ အရည်ကြိုပုံသွင်း ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည့် အသေးစား စက်မှုလက်မှုလုပ်ငန်း များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အသင်းအဖွဲ့ ဖွဲ့စည်းပေး နိုင်ရေး၊ နည်းပညာနှင့် ချေးငွေရရှိနိုင်ရေး၊ ကုန်ကြမ်းရရှိစေရေး၊ လျှပ်စစ်မီးပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ခိုင်မာသည့်ဈေးကွက် ရရှိစေရေးနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာ၌ ဒန်/သတ္တုစက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဒယ်အိုးဆိုဒ်စုံနှင့် မိုးဗြဲဒယ်လုပ်ငန်း၊ ဒန်/သတ္တုသန့်စင်ခြင်းနှင့် ချော်ခဲလုပ်ငန်း၊ ငရုတ်ဆုံလုပ်ငန်း၊ ဇွန်းကြီးထုတ်လုပ်ငန်း၊ ပန်ကာထုတ်လုပ်ငန်း၊ လျှပ်စစ်အပိုပစ္စည်းထုတ်လုပ်ငန်း၊ ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်ငန်း၊ သတ္တုရေနွေးကရားဆိုဒ်စုံလုပ်ငန်းနှင့် အပ်ချုပ်စက် ခြေနင်း/ ဘီး/ ခြေထောက် ထုတ်လုပ်သည့် လုပ်ငန်းများအား ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သပြုကျေးရွာတိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ကာ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးနောက် ကဝ-သပြု-ရှမ်းကံ ကျေးလက် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် သပြုကျေးရွာ ဇရပ်ကျောင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကန့်တော့ကာ လှူဖွယ်ဝတ္တုပစ္စည်းများ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့ပေါ်ရှိ မြို့တွင်းလမ်းများ၊ အုတ်ရေမြောင်းနှင့် ပလပ်ဖောင်းများ ပြုလုပ်နေမှုကိုလည်းကောင်း၊ ဝန်ထမ်းအိမ်ရာနှင့် ကဝမြို့မဈေး တည်ဆောက်မည့် မြေနေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးပတ်လမ်းနှင့် အဝင်လမ်းများ အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကဝမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေး စကားပြောကြားခဲ့ကာ ကျန်းမာရေးထောက် အကူပြုပစ္စည်းများ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံဥပဓိကောင်းမွန်စေရေးအတွက် ဆေးရုံပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး တွက်ချက်တင်ပြရန်နှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့ ငါးထပ်ကြီးဘုရားဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ကျန်းမာရေးအသုံး အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် ကဝမြို့အဝင် တံတား ပြန်လည်အဆင့်မြှင့်တင်နေမှုနှင့် အင်းတကော်-ကဝ-အုန်းနှဲ လမ်းအား ကတ္တရာထပ်ပိုးလွှာ လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။