ပဲခူး ဇူလိုင် ၂၄

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေး၊ မွေးမြူရေး ဒေသထွက် ကုန်ကြမ်းပစ္စည်းများ အခြေပြုပြီး MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ပြည်ပသွင်းကုန်အစားထိုး တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုး မြှင့်ထုတ်ကုန်များ ပြည်ပသို့ပြန်လည်တင်ပို့နိုင်ရေး ရည်ရွယ်ချက်များဖြင့် MSME Talk Show များကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ အားသာချက်၊ အားနည်းချက်များကို မျှဝေခြင်းဖြင့် စုပေါင်းအဖြေရှာခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ် သလို လုပ်ငန်းရှင်များကလည်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဖန်တီးသွားနိုင်မှသာ အောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးMSME အေဂျင်စီ အနေဖြင့် ထုတ်ကုန်တစ်ခုချင်းအလိုက် အရည်အသွေးပြည့်ဝပြီး အဆင့်အတန်းမီမီ ထုပ်ပိုးမှုစနစ်သို့ ပြောင်းလဲနိုင်ရေး၊ ခိုင်မာသည့်ဈေးကွက်ရရှိရေး၊ ကုန်ကြမ်းပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ချေးငွေရရှိရေး နှင့် ထုတ်ကုန်နည်းပညာတိုးတက်စေရေးတို့ကို ဘက်ပေါင်းစုံမှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်ကျော်လင်း ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ သမဝါယမဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများပါဝင်သည့် ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီ တာဝန်ရှိသူများနှင့် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များက MSME လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး မေးခွန်းမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းနှင့် အကြံပြုခြင်းများအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပပေးသည့် MSME Talk Show မှတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်းရှိ MSME လုပ်ငန်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက် နိုင်ခြင်း၊ နည်းပညာများ ဖလှယ်နိုင်ခြင်း၊ ဈေးကွက်ပိုမိုရရှိလာနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ ပိုမိုသိရှိလာ နိုင်ခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းများ တိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website