Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၇

      ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် / မြို့နယ်ပေါင်းစုံ အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ ၇ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြုလုပ်ရာ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

        ရှေးဦးစွာ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တာဝန်ရှိသူများသည် အမျိုးသား‌ လေးယောက်တွဲ ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ကြို့ပင်ကောက်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုငွေ‌ချီးမြှင့်ပြီး အမျိုးသား လေးယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ကြို့ပင်ကောက်မြို့နယ်အသင်း အား တစ်ဦးချင်း ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလား နှင့် ငွေသားဆုအား ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး ဒုတိယ၊ တတိယနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

         အဆိုပါ ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်၊ မြို့နယ် ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ခရိုင်ပေါင်းစုံ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဩဂုတ်လ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက်(၂၃) နှစ်၊ မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အသင်း(၂၈)သင်းပါဝင်ကာ အုပ်စု(၈)အုပ်စုခွဲ၍ (၃)ယောက်တွဲ၊ (၄)ယောက်တွဲပြိုင်ပွဲများဖြင့်လည်းကောင်း၊ ခရိုင်ပေါင်းစုံ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။