Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲအား ယမန်နေ့၊ ညပိုင်းက ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း အတွင်းသို့ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသား/သူများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ အလှမီးအိမ်များဖြင့် မီးစင်္ကြာလှည့်လည်၍ ပူဇော်ဝင်ရောက်လာခဲ့ကြသည်။ ၎င်းနောက် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြ သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် စာတန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တစ်ဆက်တည်း “ပဲခူး” ဟု စာတန်းဖော်ထားသည့် ရောင်စုံမီးပုံးပျံအသေး(၁၀၀၀)၊ စိန်နားပန်မီးပုံပျံအကြီး(၃)လုံး လွှတ်တင်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ  ပစ်ဖောက်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

           ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဆုတောင်းပြည့် ရွှေမော်ဓောဘုရားဝန်းအတွင်း ပဲခူးတန်ဆောင်တိုင်မီးပုံးပျံပွဲသို့ လာရောက်လည်ပတ်သူများဖြင့် အထူး စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။