Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး စက်တင်ဘာ ၃၀

====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား စက်တင်ဘာ လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဟံသာဝတီဗုဒ္ဓဂါယာရွှေဂူကြီးဘုရား အဝင်လမ်းနှင့် ဘုရားပုရဝုဏ်တို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေး ခဲ့ပြီး လမ်းဘေးဝဲ/ယာ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးနှင့် အရိပ်ရပင်များစိုက်ပျိုးသွားရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး ရှေးယခင် ဘုရားအဝင်မုခ်ဦး ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသွားရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ် စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊မြို့မဈေးကြီးအတွင်း၌ ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချပေးလျက် ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ယခုထက် အမျိုးအမည်စုံလင်စွာနှင့် ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချနိုင်ရေး၊ စည်းကမ်း တကျ ကုန်ပစ္စည်းများ တင်ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိက အခြေခံစားကုန်ဖြစ် သည့် ဆန်၊ ဆီ၊ ဥ၊ ငါး ပြတ်လပ်မှုမရှိစေရေး ရောင်းချပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့်  ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့်ချိတ်ဆက်ကာ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက် လာရောက်ရောင်းချနိုင်သည့် အရောင်းဆိုင်များဖွင့်လှစ်၍ ဇွန်လ(၁၇)မှစတင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ မြို့မဈေးများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Check Also

ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပဲခူး ဧပြီ ၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပဲခူးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကို ယနေ့နံနက် ၉ နာရီတွင် …