Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှုများ အရှိန် အဟုန်ဖြင့် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှုများ အရှိန် အဟုန်ဖြင့် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ

ပဲခူး မေ ၁၈

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။

            ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ အသိပညာရှင် အတတ်ပညာရှင်များစွာ လိုအပ်သည့်အတွက် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ပေါက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်တွင် အခြေခံအကျဆုံး ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် တန်းစဉ်ကူးပြောင်းနှုန်း ရာနှုန်းမြင့်ရေး ကျောင်းနေမြဲရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ ဆောင်ရွက်သွားကြနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ တန်းစဉ်အလိုက် ကျောင်းနေနှုန်းမြင့်မားစေရေးအတွက် တက်ရောက် လာကြသူများအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရမှအခမဲ့ ပညာရေးစနစ် ဖော်ဆောင်ပေးသည့် ကျောင်း ဝတ်စုံများ၊ စာအုပ်၊ ခဲတံနှင့် ဘောပင်များအား ကျောင်းသား/သူများထံ ပေးအပ်ခဲ့သည်။

              ယင်းနောက် ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများနှင့်အား ဂုဏ်ပြုငွေများပေး အပ်ခဲ့ပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေရွယ်ကလေး တိုင်း ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းတွင် ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ဆရာ/ဆရာမ များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများက သက်ဆိုင်ရာစုရပ်အလိုက် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြကြောင်း သတင်းရရှိသည်။