Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်ဖွင့်လှစ်ခဲ့သော “အခြေခံစက်ချုပ်သင်တန်း” ဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်ဖွင့်လှစ်ခဲ့သော “အခြေခံစက်ချုပ်သင်တန်း” ဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး မေ ၃ဝ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက်” အခြေခံစက်ချုပ်သင်တန်း”ဆင်းပွဲအခမ်းအနားကို မေလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအနေဖြင့် ဘဝရပ်တည်မှုအတွက် ခိုင်မာသော အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ မိသားစုအပိုဝင်ငွေ ရှာဖွေနိုင်စေရေး၊ တိုင်းရင်းသားဒေသများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကာ သက်မွေးပညာရပ် တတ်မြောက်ထားသူ သင်တန်းသူများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနဲ့ ဈေးကွက်ချိတ်ဆက်မှု ရရှိစေရေးအတွက် ဆက်လက်ပြီး တွန်းအားပေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အခြေခံစက်ချုပ်သင်တန်း၊ သင်တန်း သူများအား သင်တန်းဆင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အခြေခံစက်ချုပ်သင်တန်းအတွက် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်”ဖွင့်လှစ်သည့် အခြေခံ စက်ချုပ်သင်တန်းအား မေလ(၁၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၂၀)ဦးတက်ရောက်ကာ သင်တန်းနည်းပြဆရာ/ဆရာမများက အခြေခံ လက်ပြတ် (ရင်စေ့)၊ ခေါင်းစွပ် လက်ပြတ်၊ ရင်စေ့ လက်ဆက်၊ ရင်ဖုံး လက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ် (ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ (လက်ဖောင်း(သို့)ရိုးရိုးလက်)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊သုံးလွှာစကပ်စသည်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။