Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူး ဧပြီ ၂၉

          ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအားရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင် အထည်ဖော် ဆေင်ရွက်သွားရမှာဖြစ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများ အရည် အသွေးပြည့်မီစေရေး၊ လုပ်ငန်းပမာဏနှင့်ညီမျှသည့် ဘဏ္ဍာငွေကြေးသုံးစွဲမှုဖြစ်စေရေး အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စိစစ်သုံးသပ်၍ တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ပိုမိုကြိုးစားအားထုတ်လုပ်ဆောင်သွားကြရန် ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင် ပါဝင်သောလယ်ယာ ကဏ္ဍကြီးအတွက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် တိုင်း ဒေသကြီးစက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးမှူးအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးအားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များအား ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီနှင့် နတ်တလင်းတို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကာ ကဏ္ဍ အလိုက် စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

          ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုးတက် မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၃၇ ဒဿမ ၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၂၇ ဒဿမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၃၅ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း သတင်းရရှိသည်။