Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဧပြီ ၂၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဧပြီလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်ရှိ မြေပဲစိုက် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုထောက်ပံ့ပေးခဲ့ပြီး ဆောင်းမြေပဲ ထွက်ရှိချိန်တွင် ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနေမှုအား သွားရောက်ကြည့်ရှု၍ ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ သဘာဝရွက်ဖျန်းမြေဩဇာ ဖျန်းပတ်ခြင်းနှင့် သစ်စိမ်းမြေဩဇာအသုံးပြု၍ မြေယာပြုပြင် ခြင်း ဆောင်ရွက်မှသာ တစ်ဧက ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိပြီး တောင်သူများအကျိုးအမြတ် ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တန်(၁၀၀)ဆန်စက် တည်ဆောက်နေမှုတို့အား လှည်လည်ကြည့်ရှုခဲ့ကြသည်။

          သနပ်ပင်မြို့နယ်အတွင်း ဆောင်းမြေပဲစိုက်ဧက(၉၆၅၂)ဧကရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြေပဲတစ်ဧကလျှင် ငွေကျပ်(၄)သိန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးပေးနိုင်ခဲ့သည့်အတွက် တစ်ဧကလျှင် ပျမ်းမျှ(၇၇.၅၅)တင်းနှုန်းထွက်ရှိ၍ ပန်းတိုင် အထွက်နှုန်း ‌ကျော်လွန်ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့၊ ဘူတာပိုင်းရပ်ကွက် ဦးသိန်းလွင်၏ ဥစားဘဲကောင်ရေ (၇၀၀၀) မွေးမြူထားရှိမှုနှင့် ကမာစဲကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ရေချိုငါးမွေးမြူရေးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့မွေးမြူဆောင်ရွက်မှသာ ဒေသတွင်းစားရေရိက္ခာဖူလုံစေမှာဖြစ်ပြီး မွေးမြူသူနှင့် စားသုံးသူကြား၌ လက်လီအဆင့်ဆင့်မရှိစေပဲ တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် ရစ်ကန်လေး-ကမာစဲ ကျေးရွာချင်းဆက်လမ်း အရှည်(၃)မိုင် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာချင်းဆက်လမ်းများ၏ ဘေးဝဲယာတွင် အရိပ်ရပြီးစားသုံး၍ရသော သစ်ပင်များစိုက်ပျိုးရန်၊ လမ်းပုခုံးသားများ အမာခံရရှိရေး ဆောင်ရွက်ပေးရန် နှင့် ကြာရှည်စွာလမ်းအသုံးပြုနိုင်ရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ထောင်မင်း ကျေးရွာအုပ်စုရှိ ယခင်က တစ်နှစ်တစ်သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများအား ရေတော် မိုးတော် လယ်မြေအဖြစ် တစ်နှစ်အနည်းဆုံး(၂)သီး စိုက်ပျိုးနိုင်ရေး ဆားကျင်းကြီးရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စပါးသီးနှံပြီးပါက နွေနှမ်း သီးနှံအား စမ်းသပ်စိုက်ပျိုးသရုပ်ပြသပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဦးထွန်းလတ်က ဥစားဘဲကောင်ရေ(၂၅၀၀)အား လယ်ကွင်းအစာဖြင့် သဘာဝအတိုင်း မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ ရှိ ဒေါ်ရီရီသင်း၏ ဥစားဘဲကောင်ရေ(၃၅၀၀) မွေးမြူထားရှိမှုနှင့် ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ အင်းဝတံခါးနီး အပန်းဖြေဥယျာဉ်တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။