Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဧပြီ ၂၈

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စန်းစန်းမော်၏ နို့စားနွား(၂၃)ကောင် မွေးမြူထားရှိမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး နွားနို့အား တန်ဖိုးမြှင့်ကုန်ချောပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန်၊ တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးကြရန်၊ နွားကျင်ငယ်ရည်နှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ မြေဩဇာနှင့် ရွက်ဖျန်း မြေဩဇာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက် ပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ရောက်ရှိခဲ့ပြီး နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာလွန်ကျွံစွာ သုံးစွဲမှုကြောင့် လယ်မြေအများစုသည် မြေဆီဩဇာများ လျော့နည်းလာခြင်း၊ မြေချဉ်ဓါတ်များခြင်းတို့ဖြစ်ပေါ်လျက်ရှိသဖြင့် မဖြစ်မနေ တောင်သူကိုယ်တိုင် သဘာဝမြေဩဇာနှင့် သစ်စိမ်း မြေဩဇာများ စိုက်ပျိုးထုတ်လုပ်သုံးစွဲကြရန်၊ ကျေးရွာများအလိုက် တစ်အိမ်လျှင် ဆယ်မျိုး (၁၀)ပေါင် စိုက်ပျိုးသည့်အလေ့အထများ ပြန်လည်ဖော်ဆောင်ရန်၊ ဒေသကြက်၊ ဒေသဝက်နှင့် ဒေသနွားအား တစ်ပိုင် တစ်နိုင်အဆင့်မှ စီးပွားဖြစ်တိုးချဲ့မွေးမြူရန်နှင့် ကျေးရွာချင်းဆက်လမ်းများ၏ ဘေးဝဲယာတွင် အရိပ်ရပြီး စာ၍ရသည့် သီးနှံပင်များ စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူးနှင့် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့က စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာလိုအပ်ချက်များအားတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နွေစပါးစိုက်တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့ သည်။ ၎င်းနောက် တောင်သူသရုပ်ပြ EM ဘိုကာချီဖြင့် သဘာဝမြေဩဇာထုတ်လုပ်နေမှု အားကြည့် အားပေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာရှိ မွေးမြူရေး လုပ်ငန်း ဦးအောင်မြင့်၏ DYL အသားတိုးဝက် ကောင်ရေ(၃၅)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့်သာ တိရစ္ဆာန်အစာ ထုတ်လုပ်သုံးစွဲရန်နှင့် ဇီဝလုံခြုံရေးအား အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေါင်းမြက်နား(အမြဲတမ်း) ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူ များက အပင်အမျိုးအစားအလိုက် ပျိုးထောင်ထားရှိမှုနှင့် နှစ်စဉ်ပျိုးပင်များ ဖြန့်ဝေပေးနေမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီသော အရိပ်ရပြီး စားသုံး ၍ရသည့်အပင်များ ကျယ်ကျယ်ပြန့်ပြန့်ပျိုးထောင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ပျိုးဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။