တောင်ငူ မေ ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်းရှိ ကျေးလက်ဒေသနေ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအုပ်စု၌ လုပ်ငန်းရှင်ဦးပြုံးချိုမှ ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် ကြံမြုပ်ချေး၊ ကြံမြုပ်ပြာ၊ ကြက်ချေး၊ နွားချေး၊ မြေပဲခွံ၊ မြေဝါမှုန့်၊ အရိုးမုန့်၊ လချေးမှုန့်၊ ဂျစ်ပဆန်၊ ငါးအမိုင်နို၊ အီအပ်ဘိုကာချီနှင့် ထရိုင်ဂိုဒါးမာတို့အား နည်းစနစ်တကျ ရောစပ်၍ Benefit(ဘန်နီဖစ်) အမှတ်တံဆိပ်ဖြင့် သဘာဝမြေဩဇာ အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးနှင့် ပဲမျိုးစုံ အဓိကထားထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်၍ ဆန်စပါးနှင့် ပဲမျိုးစုံအတွက် သီးသန့် သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ အပင်၊ အသီး၊ အရွက်စသည်တို့ကို တိုက်ရိုက်အားပြုစေသည့် ဘက်စုံ သုံး ရွက်ဖြန်းမြေဩဇာများ ထုတ်လုပ်သွားရန်နှင့် များများထုတ်လုပ်ပြီး တောင်သူများအတွက် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ကြံသနွယ် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၇၁-ခ)ရှိ ရေကြီးရေနက်ကွင်းများအား ရေတော်မိုးတော်လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကုလားရိုးချောင်း အရှည်(၄၅၀၀)ပေ ပြန်လည်တူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေကြီးရေနက်ကွင်းများရှိ လယ်မြေများအား ရေတော် မိုးတော်လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါက တစ်သီးစိုက်ဧကများ လျော့နည်းလာပြီး နှစ်သီးစိုက်၊ သုံးသီးစိုက်ဧကများ တိုးတက်လာကာ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာနိုင်မှာဖြစ်၍ ဘဏ္ဍာနှစ်အလိုက် ရေကြီးရေနက်ကွင်းများမှ လယ်မြေများအား ရေတော်မိုးတော်လယ်မြေအဖြစ် အဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းစိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာများအား ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသွားရန်နှင့် လယ် မြေများအား မြေဆီဩဇာကြွယ်ဝစေရေး သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးသုံးစွဲရန် လမ်းညွှန်မှာ ကြားခဲ့ပြီး တောင်သူသရုပ်ပြ လယ်ကန်သင်းပေါင်တင် သဘာဝမြေဩဇာပြုလုပ်ခြင်းအား ကြည့်ရှုအားပေး ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ တဲကြီးကုန်း ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ရေဆင်းပေါ်ဆန်း(၁) မျိုးစေ့ထုတ်စိုက်ခင်း(၂၅)ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် တစ်ကွင်းတစ်ဆက်တည်း ထိုင်းနှံကောက်မျိုး နွေစပါးရိတ်သိမ်းနေမှုတို့အား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် ပျှမ်းမျှအစိုတင်း(၁၉၀)ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ ၎င်းနောက် အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ကုက္ကိုလ်သီးကို အခြေခံထုတ်လုပ်ထားသည့် ရွက်ဖျန်းအားဆေးရည်၊ ဆန်ဆေးရည်ကို အခြေခံထုတ်လုပ်ထားသည့် ရွက်ဖျန်းအားဆေးရည်၊ ဆေးရွက်ကြီးကို အခြေခံထုတ်လုပ်ထားသည့် ပိုးသတ်ဆေးရည်၊ ငါးအမိုင်နို အက်ဆစ်ကို အခြေခံထုတ်လုပ်ထားသည့် အပင်အားတိုးဆေးရည်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းကို အခြေခံ ထုတ်လုပ်ထားသည့် သဘာဝရွက်ဖျန်းမြေဩဇာ၊ ငရုတ်သီးကိုအခြေခံထုတ်လုပ်ထားသည့် ပိုးသတ်ဆေး ရည်နှင့် ကြက်သွန်ဖြူကို အခြေခံထုတ်လုပ်ထားသည့် ပိုးသတ်ဆေးရည်တို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများ အလွယ်တကူပြုလုပ်တတ်စေရေးနှင့် လွယ်ကူရိုးရှင်းသော အသုံးအနှုန်း အချိန် အတွယ်များဖြင့် သင်ကြားပြသရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website