Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် မေ ၂၅

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀) ဟင်းသီးဟင်းရွက်အထူးဇုန် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့် ရှုအားပေးခဲ့ပြီး စားဖိုဆောင်သီးနှံမျိုးစုံစိုက်ခင်းအား ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးသွားနိုင်ရေး မှာကြားခဲ့ပြီး စာဖိုးဆောင်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ပေါင်းတလည် မြို့၊ မြောင်းဆုံကျေးရွာ၌ ပြည်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ သဘာဝမြေဩဇာထုတ်လုပ်နေမှု အား ကြည့်ရှုအားပေးခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းနောက် အစိုးရအဖွဲ့ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော မြောင်းဆုံကျေးရွာမှ နှစ်စဉ်ရေကြီးနစ်မြှုပ် သည့် လယ်မြေ(၅၀၀)ဧကအား ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရေးနှင့် သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေဖြူချောင်း သဲနုန်းတူးဖော်ခြင်းနှင့် သာရာစီးရိုးချောင်း ပြန်လည်တူးဖော် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ နဝင်းရပ်ကွက်ရှိ ဦးသော်ဇင်အောင်၏ မြေပဲဆုံဆီအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် လေးဆူ ဓါတ်ပျော်ရွှေဆံတော်စေတီတော်သို့ရောက်ရှိခဲ့ပြီး ဓါတ်လှေကားအဟောင်း(၂)ဆင်း ဖြုတ်သိမ်းထား ရှိမှုနှင့် ဓါတ်လှေကားအသစ်များ ရောက်ရှိနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓါတ်လှေကားတပ်ဆင်ရေး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။