Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး မေ ၂၅

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲ၊ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရွှေတောင်မြို့ နယ်၊ တောင်လုံးညိုကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးအစိုးရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသနွား၊ နို့စားနွား၊ အသားတိုးကြက်၊ အသားတိုးဝက်၊ ဆိတ်နှင့် ဥစားဘဲ မွေးမြူရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်သုံးစွဲရန်ကြ ရန် ဒေသတွင်းအသားနှင့်ဥထုတ်လုပ်မှု ဖူလုံပိုလျှံစေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင် ဦးဌေးအောင်၏ အသားတိုးကြက် ကောင်ရေ(၁၂၀၀၀) မွေးမြူထားရှိ မှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မဲတော ကျေးရွာအုပ်စု၌ ရေဆင်း(၃)နှင့် (၂/၁၄) ဘောင်ကြီးတင်စနစ်ဖြင့် နှမ်းသီးနှံစိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ နွားခြံကုန်း ကျေးရွာ၊ တောင်သူ ဦးဆန်းသူ၏ တစ်ကွင်းတစ်ဆက်တည်း မြေပဲဧက(၅၀) နည်းစနစ်တကျ စိုက်ပျိုး ထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝရွက်ဖြန်းမြေဩဇာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသွားနိုင်ရေး အသိပညာပေးခြင်းများ ပြောကြားခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ရွာသာယာ-နွားခြံကုန်း-မြို့မလမ်း အရှည်(၀.၄)မိုင်အား မြေသားတာဘောင်ချဲ့ခြင်းနှင့် မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာချင်းဆက်လမ်းများ၏ ဘေးဝဲယာတွင် အရိပ်ရသော သီးပင်စားပင်များစိုက်ပျိုးရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။