ပဲခူး ဇွန် ၃

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ ဇွန်လ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေွဝင်းသည် ပဲခူးခရိုင်၊ သနပ်ပင်မြို့ပေါ်ရှိ အခြေခံ ပညာ ကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဒေသခံဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် လျာထားချက်အတိုင်း ကျောင်းအပ်နှံမှုရာနှုန်းပြည့်မီစေရေး၊ ကျောင်းနေ ပျော်ရွှင်စေရေး၊ ကျောင်းထွက်မှုရာခိုင်နှုန်း လျော့နည်းစေရေးနှင့် အနည်းဆုံး KG+Grade 9 သင်ယူ တတ်မြောက်စေရေး ရပ်ကွက်/ကျေးရွာများအလိုက် အသိပညာပေး လှည့်လည်စည်းရုံးဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ဈေးပိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ ကျောင်းသား ကျောင်းသူများ သတ်မှတ်အတန်းများအလိုက် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ဆရာ/ဆရာများ၏ သင်ကြားပြသပေးနေမှု၊ နိုင်ငံတော်အစိုးရ၏ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေး ကိရိယာများ ပြည့်စုံစွာ ထောက်ပံ့ပေးအပ်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အခြေခံပညာကျောင်းများအတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အစိုးရကျောင်းအနေဖြင့် အခြေခံပညာ အထက်တန်း(၅၀၀)ကျောင်း၊ အလယ်တန်း(၂၁၅၉)ကျောင်း၊ မူလတန်း(၁၈၂၃)ကျောင်းတို့ ဖွင့်လှစ်သင် ကြားမည်ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေခံပညာအလယ်တန်း(၆၇)ကျောင်း၊ မူလတန်း(၅)ကျောင်း၊ ပုဂ္ဂလိကကျောင်းအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈၇)ကျောင်း၊ အလယ်တန်း(၁၆)ကျောင်းနှင့် မူလတန်း(၁၄)ကျောင်းတို့ ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိပြီး သနပ်ပင်မြို့နယ်တွင် ယနေ့အထိ အစိုးရအခြေခံပညာကျောင်းများတွင် မူလတန်း(၁၈၇၄၂)ဦး၊ အလယ်တန်း (၇၇၂၀)ဦးနှင့် အထက်တန်း(၁၆၂၇)ဦး စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website