ပဲခူး ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတကော်)၌ ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့၏ ရက်(၁၀၀)လမင်း စီမံချက်အရ ကျောင်းသား/သူ(၂၇၂)ဦးအား “နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ထုတ်ပေးခြင်းအခမ်းအနား” သို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID များ ပေးအပ်ခဲ့ကြပြီး ကျောင်းအုပ် ဆရာမကြီးနှင့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသထွက်နာနတ်သီးများအား ဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ် ရောင်းချနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ထုံးကြီးကျေးရွာအုပ်စု၌ တစ်ရက်လျှင် ကြက်ဥအလုံးရေ (၁၃၅,၀၀၀)ခန့် ရန်ကုန်သို့ နေစဉ်တင်ပို့ပေးနေရသည့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ဇင်မိုးခိုင်၏ ဥစားကြက် ကောင်ရေ(၁၉၁,၀၀၀)နှင့် အသားတိုးဝက်ကောင်ရေ(၄၂၀၀)တို့အား အဆင့်မြင့်အအေးခန်းစနစ်ဖြင့် မွေးမြူ ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကဝမြို့၊ တံတားကြီးရပ်ကွက်ရှိ ဦးဇော်ရဲနောင်၏ ACP အထည်ချုပ်စက်ရုံအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစွာရရှိနိုင်ရေးနှင့် လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ကဝမြို့နယ် အတွင်း မိုးစပါးပျိုးထောင်ထားရှိမှုနှင့် ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေသည့် အင်ဂျင်ပါ လက်ဆွဲကောက်စိုက်စက်ဖြင့် စုပေါင်းမိုးစပါးစိုက်ပျိုးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရာသီပြီးပါက ပဲစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံတစ်ခုဖြစ်ပြီး တောင်သူ များအတွက် ဝင်ငွေပိုမိုတိုးတက်စေရေး၊ ဒေသတွင်းဆီဖူလုံမှုတိုးတက်စေရေးအတွက် ပဲပုတ်စိုက်ပျိုးနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကဝမြို့၊ အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားပေးနေမှုအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ကျောင်းအုပ်ဆရာကြီးအား သီးခြား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကဝမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ MSMEs လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး MSMEs လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website