Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူး အောက်တိုဘာ ၁

==================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

         ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူ ဒုရဲအုပ်စိုးစိုးနှင့် ဒုရဲအုပ် စေးဌေးတို့ (၂)ဦးအား ရဲအုပ်အဆင့်သို့ တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခြင်းနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က သင်တန်းအလိုက် ထူးချွန်ဆုရရှိသူ(၂)ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ကဏ္ဍအလိုက် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့ဖြန့်ဝေသည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုကာ ဂုဏ်ပြုဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ခန်းမအတွင်းပြသထားသော (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထိမ်းအမှတ် ပြခန်းများ၊ ပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှု ကြကြောင်းသိရသည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့တက်ရောက်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားကာ အခမ်းအနားသို့တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ နေ့ အခမ်းအနား၌ တိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးဖြစ်သည့် မိုးညိုမြို့နယ်၊ မြေစာကျေးရွာ၌ အသက်(၁၁၈)နှစ်ရှိပြီဖြစ်သည့် အဘိုးဦးအုန်းမောင်နှင့် ပြည်မြို့နယ်၊ ဗြူးကုန်းကျေးရွာ၌ အသက်(၁၁၇)နှစ် ရှိပြီဖြစ်သည့် အဖွား ဒေါ်ခင်ညွှန့်တို့အား ထောက်ပံ့ငွေကျပ်(၂)သိန်းစီ ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။