Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး (၂၀၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး (၂၀၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၃၀

        ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (၂၀၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်”  အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

    ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့အခမ်းအနားကတော့ “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆)” အထိမ်းအမှတ်အနေနဲ့ ဆောင်ရွက်တဲ့ အခမ်းအနားပဲ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နှစ်စဉ် ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနား များကို နှစ်စဉ်ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အနေနဲ့လည်း  ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားရဲ့ ဆောင်ပုဒ်ကတော့ “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” ဖြစ်၍ အဓိကရည်ရွယ်ချက်ကတော့  ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမှ တားဆီးပေးနိုင်ကြောင်း အသိပညာ မြှင့်တင်ပေးရန်ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတာဟာ ကူးစက်မြန်ရောဂါတွေ ဖြစ်ပွားခြင်း၊ ယင်းရောဂါတွေ ကြောင့် သေဆုံးရခြင်းတွေကို ကာကွယ်နိုင်ဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မဖြစ်ပွားစေဖို့ ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း အကျိုးကျေးဇူးတွေအပေါ် ပြည်သူလူထုမှ ပိုမိုသတိပြုမိ လာစေဖို့ နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကာကွယ်ဆေးထိုးလုပ်ငန်းများမှာ ပိုမိုပါဝင် ကူညီကြစေလိုကြောင်းနှင့် အနာဂတ်ရဲ့ မျိုးဆက်တိုင်းကို အကာအကွယ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ တိုက်တွန်းကြောင်း ပြောကြားသည်။

         ထို့နောက် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” Documentary Storyနှင့် (၂၀၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် တေးသီချင်း video Clip တို့အား ပြသရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှု့ကြသည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးတွင် အသက်(၅)နှစ်အောက် ကလေးများတွင် ကာကွယ်ဆေးလုံးဝ မရရှိသေးသော ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော ကလေးများကို အမှီလိုက်ကာ ကွယ်ဆေးထိုးလုပ်ငန်း Catch-up နည်းလမ်းဖြင့် အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို (၂၀၂၅)ခုနှစ် ဇန်နဝါရီလ၊ မတ်လ၊ မေလ များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီး ကလေးပေါင်း (၄၃၄၆၉)ဦး ၊ လစဉ် အမီလိုက် ကာကွယ်ဆေးထိုးနည်းဖြင့် ကလေးပေါင်း (၁၂၃၃)ဦး၊ စုစုပေါင်း (၄၄၇၀၂) ဦး လိုအပ်တဲ့ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးနိုင်ခဲ့ပါတယ်။ ယခု ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်တွင်လည်း ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် များတွင် ကာကွယ်ဆေးလုံးဝ မရရှိသေးသော ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရသေးသော ကလေးများကို ရှာဖွေထိုးနှံ ပေးသွားမှာဖြစ်ပါကြောင်း သတင်းရရှိသည်။