ပဲခူး ဇူလိုင် ၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီး များနေ့ အခမ်းအနား၌ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ပြီး ကျား/မ ရေးရာ တန်းတူညီမျှမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တေရသမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် ဗဟိုအဆင့် ဆုရရှိသူ၊ မစ်ဆူဘီရှီ အာရှကလေးများ ရုပ်ပြဒိုင်ယာရီပွဲတော် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သူနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ အားလည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက် က တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ဂျူဒိုပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲတို့တွင် တစ်ဦးချင်း၊ နှစ်ယောက်တွဲနှင့် အသင်းလိုက် ရွှေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆု များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိကြသည့် အမျိုးသမီးများနှင့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အခြေခံ ပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ပန်းချီ၊ ကျဘမ်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက အမျိုးသမီးများနှင့် သက်ဆိုင်သော Video Clipအား ကြည့်ရှု့ကြပြီး၊ ရင်ခွင်မဲ့ကလေးငယ်များပြုစု စောင့်ရှောက်ရေးရိပ်မြုံမှ ကျောင်းသူ(၁)ဦးက “ကမ္ဘာတည်သရွေ့” သီချင်းဖြင့်လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ “မြန်မာအမျိုးသမီးများနေ့” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများ အဖွဲ့က “မြပန်းခွေ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေတင်ဆက်ကြသည့် အမျိုးသမီးအဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website