Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိ ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၈

===================

          တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ ၌ စက်တင်ဘာလ (၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော် အစိုးရမှ အခွန်ရငွေများပေါ်မူတည်၍ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးခြင်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအား နှစ်စဉ်ဖြည့်ဆည်းပေးနေ ရသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ရရှိရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကောက်ခံကြရန်လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် အခွန်ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်လာစေရေး ပညာပေးဆောင်ရွက်သွားရမည်ဖြစ်သလို အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အခွန်ထမ်းအသစ်များ ထပ်မံဖော်ထုတ်သွားရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းများအတွက် စက်မှုစီးပွားဂရန်များ အမြန်ဆုံးချပေးနိုင်ရန် လိုအပ်သလို အိမ်ခြံမြေဂရန်များ လည်း သက်တမ်းတိုးရာတွင် လွယ်ကူလျင်မြန်သည့် စနစ်တစ်ခုအဖြစ် စီမံချက်ချဆောင်ရွက်သွားရန်လို ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းအတွင်းရေးမှူးတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကောက်ခံရရှိရေး ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အခွန်ရငွေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန်လျာထားချက်များအား အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  မြေငှားဂရန်သက်တမ်းတိုးခြင်းများ ဆောင်ရွက် ရာတွင် နိုင်ငံတော်စီမံကိန်းမြေ၊ ရှေးဟောင်းသုတေသနမြေ၊ အများနှင့်သက်ဆိုင်သည့်မြေများနှင့် သီးခြားကန့်သတ်မြေများပေါ်ရှိ မြေငှားဂရန်များအား သက်တမ်းတိုးခြင်း မဆောင်ရွက်ရန်၊ မြို့နယ် အလိုက် အခွန်ရှောင်လုပ်ငန်းများ ဖော်ထုတ်၍ တရားဝင်အခွန်ဆောင်စေရေးနှင့် ဓါတ်သတ္တုခွန် ပေးဆောင်ရသည့်လုပ်ငန်းများ တရားမဝင်ဆောင်ရွက်နေခြင်းများ စိစစ်ကြီးကြပ်ဖော်ထုတ်သွားရန်၊ ငါးမွေးမြူရေးဇုန်များ ဖော်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးရန်၊ မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်ရသော သူများ တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသော်လည်း လာရောက်ဆက်သွယ် အခွန်ဆောင်မှုမရှိသည့် သူများအား သတင်းစာတွင် ထည့်သွင်းကြော်ငြာရန်၊ အခွန်ဝင်ငွေများ တိုးတက်ရရှိမှသာ တိုင်းပြည်၏ လိုငွေလျော့နည်းမည်ဖြစ်၍ ဌာနဆိုင်ရာအလိုက် အခွန်ဝင်ငွေ လျာထားချက်ပြည့်မီ ကျော်လွန်အောင် ကောက်ခံရရှိနိုင်ရေး ဆောင်ရွက်သွားရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။