Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၅

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြ သည်။

          ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကင်းထောက်လူငယ်သင်တန်းသား/သူ များက “ကင်းထောက်ဆိုသည်မှာ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့လူငယ်များသည် နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံ၏ အဓိကအင်အားစုဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာ ပြည့်ဝရန်လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးကြရမည့်သူများဖြစ်ရန်နှင့် နိုင်ငံအတွက် အားထားရသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြုစုပျိုးထောင်သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊ ကင်းထောက်များရဲ့ ဆောင်ပုဒ်ဖြစ်သည့် “အမြဲအသင့်” ဆိုသည့်အတိုင်း လူ့အဖွဲ့အစည်း အတွက် အရာရာကူညီပေးဖို့ အမြဲအစဉ်အသင့်ဖြစ်စေရန် ဖျတ်လတ်နိုးကြားမှု၊ အသိတရားနဲ့ တာဝန်ယူ၊ တာဝန်ခံတတ်တဲ့စိတ်ထားများရှိစေရန်နှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်သာမက အကူအညီလိုအပ်သော နေရာများတွင်လည်း ကောင်းကျိုးပြုလိုသောစိတ်ရှိခြင်း၊ လူငယ်ဘဝများရဲ့ ဖြူစင်တဲ့စိတ်ထားများကို အစဉ်အမြဲ ကိန်းအောင်းနေအောင် ကြိုးစားအားထုတ်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ ၎င်းနောက် ကင်းထောက်လူငယ် သင်တန်းသား/သူများက တောတွင်းခရီးသွားခြင်း၊ အခြေချနေထိုင်ခြင်း၊ အခက်အခဲ များကျော်လွှားခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းများအား သရုပ်ပြသခဲ့ကြသည်။

          ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ် သင်တန်းသား/သူများ ကင်းထောက်ဆောင်ပုဒ်ဖြစ်သည့် “အမြဲအသင့်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် သင်တန်းသား/သူများ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူ များက ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီးကင်းထောက်လူငယ်သင်တန်းသား/သူများ ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။