ပဲခူး မေ ၂၆

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျောင်းအပ်နှံပေးခြင်းသည် သားသမီး များ၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးခြင်းဖြစ်သလို အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးသာယာအေးချမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် မည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဆိုသည့် အတိုင်း နိုင်ငံတော်အစိုးရအဖွဲ့မှ ဖွင့်လှစ်ပေးနေသော အခြေခံပညာကျောင်းများကို ကျောင်းနေအရွယ် ကလေးအားလုံး အပ်နှံသွားရန်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံတော်မှအခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများ၊ စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းများနှင့် ခဲတံ၊ ဘောပင်တို့အား သက်ဆိုင်ရာခရိုင်ပညာရေးမှူးတို့ထံ ပေးအပ်ခဲ့ကြ သည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာကျောင်းသား/သူများက “မြန်မာ့ကျောင်း”သီချင်းဖြင့်လည်း ကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့်လည်း ကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသားမိဘများမှ မိမိတို့၏ သားသမီးများအား လာရောက်ကျောင်းအပ်နှံနေမှုအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ KG တန်းမှ Grade 12 ထိ စာသင်ခန်းများအလိုက် ကျောင်းအပ်လက်ခံနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်စိုးစိုးသက်က အခြေခံပညာမူလတန်းသို့ လာရောက် ကျောင်းအပ်နှံသည့် သားငယ်/သမီးငယ်တို့အား ဗလာစာအုပ်၊ ခဲတံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံတို့အား ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အစိုးရကျောင်းအနေဖြင့် အခြေခံပညာ အထက်တန်း(၅၀၀)ကျောင်း၊ အလယ်တန်း(၂၁၅၉)ကျောင်း၊ မူလတန်း(၁၈၂၃)ကျောင်းတို့ ဖွင့်လှစ်သင် ကြားမည်ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေခံပညာအလယ်တန်း(၆၇)ကျောင်း၊ မူလတန်း(၅)ကျောင်း၊ ပုဂ္ဂလိကကျောင်းအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈၇)ကျောင်း၊ အလယ်တန်း(၁၆)ကျောင်းနှင့် မူလတန်း(၁၄)ကျောင်းတို့ ဖွင့်လှစ်ကာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website