Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၄

=============

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီးရင်ပြင် အင်္ဂါ‌ထောင့်ရှိ မဟာဗောဓိညောင်ပင် တွင် မေလ(၁၄)ရက်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်ပိုင်းအချိန်က (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ် အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများက ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာ ပြည်သူများက အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာအစရှိသည်တို့ကို ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ ဂါထာတော်၊ ကိုယ်စိတ်နှစ်ဝ ချမ်းသာကြစေဂါထာတော်နှင့် ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ် အစရှိသည်တို့ကို ရွတ်ဆိုမေတ္တာပို့သပြီး မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ရွှေညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွားတော်တို့အား မြတ်ဗုဒ္ဓအားရည်စူး၍ ညောင်ရေတော်များ သွန်းလောင်းပူဇော်ကြသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ရှိ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းရုပ်ပွားတော် မြတ်ကြီး၊ ဗုဒ္ဓဂါယာစေတီတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာစေတီတော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီ တော်မြတ်ကြီးစသည့် ဘုရား၊ ပုထိုး၊ စေတီတော်များတို့တွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများမှ ကဆုန် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲများ၊ စတုဒီသာများ ကျွေးမွေးခြင်း လှူဒါန်းခြင်းများ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနိက အဆောက်အဦဓမ္မာရုံများရှိ ဗဟာဗောဓိညောင်ပင်များတွင်လည်း  မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီ တော်ဖြစ်သည့် ရွှေညောင်ပင်နှင့် မြတ်ဗုဒ္ဓအားရည်စူး၍ ညောင်ရေတော်များ သွန်းလောင်း ပူဇော်ကြ ကြောင်း သိရှိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ရွာသန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍(တတိယပတ်) စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။