ပဲခူး ဇန်နဝါရီ ၁၅
=================

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ဇန်နဝါရီလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လယ်ယာမြေပြုပြင်သည့်အဆင့်မှအစပြုပြီး စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ချွေလှေ့ ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများအား ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးဖော်ထုတ်ပေးလျက်ရှိပြီး စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရန်ဆန္ဒရှိသည့် ကျေးရွာများရှိပါက သက်ဆိုင်ရာမြို့နယ် ထွန်စက်စခန်း များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို သတင်းစကားပေးလိုကြောင်း၊ တောင်သူအကျိုးပြု လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းမှရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိတို့ရပ်ရွာ များ ပြန်လည်အသုံးချပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးသန်းထွန်းမှ စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး)၏ သမိုင်းကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ပြီးစီးခဲ့မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/ ၂၀၂၃-၂၀၂၄)အား ဇန်နဝါရီလ(၁၅)ရက်နေ့မှ မတ်လ(၈)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အောက်မြန်မာပြည် မှ သင်တန်းသား(၄၀)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့၊လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website