Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက           ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိုးစပါးစိုက်ရာသီ ရောက်ရှိလာပြီးဖြစ်၍ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး အနီးကပ် ကြီးကြပ် ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးနှင့် နွေစပါးသည် ပန်းတိုင်အထွက်နှုန်းရရှိထားပြီးဖြစ်၍ ရေတော်မိုးတော်စိုက်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိနိုင် ရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တစ်နှစ်(၃)သီးစိုက်ဧကများအတွက် ကြိုတင်ပျိုးထောင်စနစ် ဖြင့် စိုက်ပျိုးသွားရမှာဖြစ်ကာ ကြဲခင်းစနစ်ပပျောက်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် တောင်သူတိုင်း စိုက်ပျိုးရေးကိရိယာပိုင်ဆိုင်မှုရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန်နှင့် သွင်းအားစုများ အချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံဇုန်တွင်ပါဝင်သည့် မြို့နယ်များအနေ ဖြင့် စိုက်ပျိုးမြေသေချာရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသွားရန်လိုအပ်မှာဖြစ်ကြောင်း၊ လာမည့် ဆောင်းသီးနှံစိုက်ရာသီအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ ရှာဖွေစုဆောင်းထားရန်နှင့် သီးထပ် စွမ်းအား တိုးတက်စေရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေရရှိရေးကို ဘက်ပေါင်းစုံမှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင် တစ်နိုင်မှ စီးပွားဖြစ်မွေးမြူသွားရမှာဖြစ်ပြီး မွေးမြူရေးလုပ်ငန်းရှင် အသစ်များဖော်ထုတ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စတင်မွေးမြူနိုင်ရေး အရင်းအနှီး မတည်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများတွင် ကျောင်းသား/သူများ နေထိုင်သွားလာရေး အတွက် ပံ့ပိုးကူညီပေးသွားရန်နှင့် ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များတွင် နိုင်ငံပိုင်သတင်းစာများ နေ့စဉ်ဖတ်ရှုနိုင်ရေး စီစဉ်ပေးသွားရန်လိုအပ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်စွက်မှာကြားတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ညွှန်ကြားချက် များအား ဖတ်ကြားရှင်းလင်းခဲ့သည်။

          ယင်းနောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များအား အသေးစိတ်ပြန်လည် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။