Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဇူလိုင် ၄

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ မိုးနှမ်းစံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး နှမ်းစိုက်တောင်သူများအား စတင်မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ရိတ်သိမ်းခြင်းအဆင့်ဆင့်အား လက်တွေ့ခေါ်ယူပြသ အသိပညာပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေ ပေးရန်၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ ဇုံများသတ်မှတ်ပေးထားပြီးဖြစ်ကာ ရည်မှန်းချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသော လက်ဆွဲကောက်စိုက်စက်များဖြင့် မိုးစပါးသရုပ်ပြ စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လယ်ယာလုပ်သားရှားပါးမှု ပြဿနာအား ဖြေရှင်းရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများ လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြင့် လက်ဆွဲကောက်စိုက်စက်များ တီထွင်ဖန်တီးထုတ်လုပ်ပေးရခြင်းဖြစ်၍ စိုက်ပျိုးမည့် လယ်မြေ များအတွက် သမန်းပြုပြင်ခြင်း၊ ပျိုးထောင်ခြင်းနှင့် လက်ဆွဲကောက်စိုက်စက် မောင်းနှင်အသုံးပြုခြင်း အဆင့်အလိုက် အသိပညာပေးပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ်၊ ချားလျားကုန်း ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ကျေးလက်လမ်းများ၏ လမ်းဘေးဝဲယာ၌ အရိပ်ရသီးပင်စားပင် စိုက်ပျိုးထားရှိမှုတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာပြည်သူလူထုပါဝင်သည့် လမ်းကော်မတီဖွဲ့စည်း၍ လမ်းရေရှည်အသုံးပြုနိုင် စေရေး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးထားသည့် အပင်များရှင်သန်ကြီးထွားနိုင်ရေး ပြုစုစောင့်ရှောက် ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်ရှိ မျိုးသန့်ခြံ နှင့် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုတို့၌  လက်ဆွဲကောက်စိုက်စက်များဖြင့်မိုးစပါးစိုက်ပျိုး နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စိုက်နည်းစနစ်ပြောင်းလဲခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မည်ဖြစ်ကာ တောင်သူကိုယ်တိုင် မျိုးသန့်မျိုးပွားမျိုးစေ့ ထုတ်လုပ်နိုင်သည်အထိ အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူလယ်သမားများ၏ ရာသီအလိုက် စိုက်ပျိုးသီနှံများ ပန်းတိုင်အထွက်နှုန်းရရှိပြီး လွယ်ကူသက်သာစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး သက်သာသောနှုန်းထားများ ဖြင့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများကလည်း ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် မြေလပ်မရှိစိုက်ပျိုးသွားကြရန်နှင့် လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။