Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ပဲခူး သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို သြဂုတ်လ(၁၂) ရက်နေ့ နံနက်(၆)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/အမျိုးသမီး စက်ဘီးစီးအားကစားသမားများအား ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး ရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ဖောက်၍ တာလွှတ်ပေးပြီး ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပဲခူးမြို့အဝင် တိုးဂိတ်အလွန် တိုက်ကြီး-ဖောင်ကြီးလမ်းဆုံအထိ အသွား/အပြန် (၁၅)မိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲသို့ အမျိုးသား၊အမျိုးသမီးစုစုပေါင်း(၁၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ စက်ဘီးစီးအားကစားဝါသနာရှင်များ၊ တိုင်းရင်းသားယဉ်ကျေးမှု အတီး/အကအဖွဲ့များက လာရောက် ကြည့်ရှုအားပေးကြပြီး ပန်းဝင်သူများအား ပန်းကုံးစွပ်၍ ကြိုဆိုခဲ့ကြသည်။

     ဆက်လက်၍ မြို့တော်ခန်းမ၌ ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

      ထို့နောက် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသားစက်ဘီးစီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီ နာယက ဒေါ်စိုးစိုးသက်မှလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ ကြသည်။ ၎င်းနောက် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲဝင် အဆင့်(၄)မှ အဆင့်(၂၀)အထိ ဆုရရှိ သူများနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ငွေသားဆုနှင့် ဆုတံဆိပ်များကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video Clip အားကြည့်ရှု့ကြပြီး “လူငယ်စွမ်းရည်” တေးသီချင်းဖြင့် ဖျော်ဖြေပေးသည့် ပဲခူးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများနှင့် Fitness Dance သရုပ်ပြသသော သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာနှင့် ပတ်သက်သည့် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ ဆောင်းပါးနှင့် စာစီစာကုံးများအား လည်လှည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။