Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဩဂုတ် ၁၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဩဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မြောင်းဆုံကျေးရွာအုပ်စု၌ ရေကြီးနစ်မြှုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ကောက်စိုက်လုံမေများဖြင့် သက်တမ်းတူ မျိုးတူ စပါးမျိုးဖြင့် အစားထိုးပြန်လည်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆင်အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ အုတ်ဆွဲကျေးရွာအုပ်စု၊ ဝန်တင်ဆိပ် ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တစ်ကွင်းတစ်ဆက်တည်း ဧက(၂၁၄)ဧက ဝါအထူးဇုန် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်း ပိဿာ(၇၀၀)ကျော် ထွက်ရှိသည့် ဝါစိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သီးထပ်စွမ်း အား ထပ်မံတိုးတက်ရရှိစေရေး Mobile Solar Pump တပ်ဆင်ပေးရန်၊ စိုက်ပျိုးရေးသုတေသနမှ စမ်းသပ် ထားသည့် ပြည်တွင်းစပ်မျိုး KTK နှင့် ပြည်ပစပ်မျိုး B-31 မျိုးများအား ယခုစိုက်ပျိုးသည့် ရာကာ(၆၆၆) မျိုးနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်စံပြကွက်များ ဖော်ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ပျဉ်းမအိုင်ကျေးရွာ အုပ်စု တောင်သူ ဦးထွန်းထွန်း၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကြံလမိုင်းခင်း ပန်းတိုင်အထွက်နှုန်း တန်(၃၀)ကျော် ထွက်ရှိမည့် ကြံစံပြစိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကြံခုတ်နည်းစနစ် ပြောင်းလဲခြင်းနှင့်အတူ ကြံသီးနှံ လမိုင်း၊ လမတ်များ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိခြင်းအား ကြံစိုက်တောင်သူများ ခေါ်ယူပြသ အသိပညာပေးခြင်း များ ဆောင်ရွက်ရန်နှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဝက်ထီးကန်ရေကန်နှင့် ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဆင်စုရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာလုပ်ငန်း ဆောင်ရွက်လျက်ရှိသော “ကောင်းသန့်” မလိုင်နှင့်ယိုမျိုးစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဂျယ်လီနှင့်ဖျော်ရည် အမယ်သစ်များ တိုးချဲ့ ထုတ်လုပ်နိုင်ရေး၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် “တပြည်သူ” ရှားစောင်းလက်ပတ်ယိုနှင့် ပဲနံ့သာဆေးလက်ဖက်ခြောက် လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးများအား ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ရရှိရေးနှင့် ချေးငွေရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။