Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ အောက်တိုဘာ ၂၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာဂီမုန်တိုင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်း စက်တင်ဘာလ(၁၁)ရက်နှင့် (၁၂)ရက်နေ့တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရပြီး မြို့နယ်(၅)မြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၁၄၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၉၀၂၁)စု၊ လူဦးရေ(၇၃၈၅၁)အား အချိန်မီပြောင်းရွေ့ခြင်းနှင့် နေထိုင်စားသောက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ်(၅၉၆)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်(၆၂၂)လုံး အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းသည် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ နောင်အနာဂတ်ကာလတွင် သဘာဝဘေးဖြစ်စဉ်များ ကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး သဘာဝ ဘေးအသိ၊ အသိရှိရှိဖြင့် နေထိုင်သွားကြရန်နှင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးတို့က ရေဘေး ကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

          ရာဂီမုန်တိုင်းကြောင့် တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် လုံးဝပျက်စီးနေအိမ်(၄၈၄)လုံး၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၆၁၇)လုံး၊ရေတာရှည်မြို့နယ်တွင် လုံးဝပျက်စီးနေအိမ်(၈၃)လုံး၊ အုတ်တွင်းမြို့နယ် တွင် လုံးဝပျက်စီးနေအိမ်(၂၈)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅)လုံး၊ ထန်းတပင်မြို့နယ်တွင် လုံးဝ ပျက်စီးနေအိမ်(၁)လုံး၊ စုစုပေါင်း လုံးဝပျက်စီးနေအိမ်(၅၉၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆၂၂) လုံးအတွက် ထောက်ပံ့ငွေကျပ်(၂၄၈၉.၁၀)သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။