Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့

ပဲခူး အောက်တိုဘာ ၂၄

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ အမျိုးသား/ အမျိုးသမီး ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့် နေမှုအားလည်းကောင်း၊ ဟင်္သာလမ်း၊ ရိုးရာခြင်းအားကစားရုံ၌ အမျိုးသား/ အမျိုးသမီး ရိုးရာခြင်း စခန်း သွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်း၊ မိုးလုံလေလုံအားကစားရုံ၌ ဘက်စကက် ဘောအားကစား စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းရှိ မာဃမင်းတင်းနစ်အကယ်ဒမီ၌ တင်းနစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ပဲခူးခရိုင်အားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားသမားတိုင်း မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး အားကစားနည်းအလိုက် ထူးချွန်သည့် အားကစားသမားဖြစ်အောင် သင်ကြားပေးရန်၊ အားကစားသမားများ အား စိတ်ဓါတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆိုသည့်အတိုင်း ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာမှု၊ ယဉ်ကျေးမှုစသည် တို့အပြင် နိုင်ငံချစ်စိတ်တို့ကို ရရှိစေနိုင်မှာဖြစ်ကြောင်း၊ အားကစားသည် ယှဉ်ပြိုင်သူအတွက်သာမက ကြည့်ရှုအားပေးသူအတွက်ပါ စိတ်ဓာတ်ခွန်အားဖြစ်စေသည့် အကောင်းဆုံးနည်းလမ်းဖြစ်၍ ပဲခူးတိုင်း ဒေသကြီးအတွက် အကောင်းဆုံးအောင်မြင်မှုများရရှိနိုင်ရေး ကြိုးစားယှဉ်ပြိုင်လိုစိတ် ပြင်းပြစွာဖြင့် ရေကုန်ရေခမ်း အစွမ်းကုန် လေ့ကျင့်သွားကြရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်း(၂၄)မျိုးတွင် အမျိုးသား/အမျိုးသမီ စုစုပေါင်းအားကစားသမား (၄၅၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။