Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဖေဖော်ဝါရီ ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအနီး ဇောင်းတူရေသောက်စနစ်၊ လက်တံ(၂)တူးမြောင်း၌ ရေဒလက်(Water Wheel) တပ်ဆင်၍ ကုန်းမြင့်နေရာရှိ နွေစပါးဧက(၂၀) ရေတင်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးလျော့ချ သုံးစွဲနိုင်ရေး မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်း (၁၁၀၀)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒေသ ကြက်နှင့် ဒေသဝက်အား ခြံလှောင်စနစ်ဖြင့် တိုးချဲ့ မွေးမြူရန်နှင့် ကုန်ထုတ်လမ်းတစ်လျှောက် အရိပ်ရပြီး စားသုံးနိုင်သည့် သီးပင်စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းထိုက်အောင်၏ ကာကီကင်းဥစားဘဲ ကောင်ရေ(၃၂၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအား ပေးခဲ့ပြီး ဒေသတွင်း ဥစားသုံးမှု ဖူလုံပိုလျှံစေရေးနှင့် စားသုံးသူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင် ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များတွင် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဥစားဘဲ အပြင် အသားတိုးဘဲများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၄၁၇)သန်းဖြင့် ပဲခူးမြစ်တာ(ပန်းလှိုင်၊ ပုဏ္ဏားစု၊ မုန်တိုင်း) တာမိုင်(၀/၀ မှ ၁/၄)အထိ High Flood Level အထက် (၁၀၃၀)စင်တီမီတာအထိ မြေသားတာဘောင် အခိုင် အမာမြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဦးထိုးနိုင်သည့် နေရာ များအား ပထမဦးစားပေးအဖြစ် ရေထိန်းနံရံ ကျောက်စီခြင်း၊ တာယာကွင်းအဟောင်းများဖြင့် ရေတားနံရံ များပြုလုပ်ခြင်းများ ဆောင်ရွက်သွားရန်၊ ပဲခူးမြစ်တာဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန် ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တာလမ်းဘောင်တစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။