Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်

ပဲခူး ဩဂုတ် ၂၀

          ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ သရက်ကုန်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက ဒုံးအကဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တို့က ကရင် တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားအား ဖားစည်(၉)ချက်တီး၍ ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ဓလေ့ထုံးတမ်းများ မတူညီကြသော်လည်း မိသားစုစိတ်ဓါတ်ဖြင့် ရှေးယခင်ကတည်းက အတူတကွ ချစ်ကြည်ရင်နှီးစွာ နေထိုင်လာခဲ့ကြကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာအရ ဝါခေါင်လရောက်သည့် အချိန်တွင် မိသားစုများ စည်းစည်းလုံးလုံးပြန်လည်တွေ့ဆုံနိုင်ရေး၊ ချစ်ကြည်သွေးစည်းမှု ခိုင်မာစေရေး၊ လူကြီးလူငယ်ကြား နွေးထွေးမှုဖြင့် စုစည်း ညီညွတ်မှုဖြစ်စေရေး အတွက် ကျင်းပသည့် ချစ်ကြည်ရင်းနှီးမှုများကို ဖြစ်ပေါ်စေသည့် ပွဲတော်တစ်ခုဖြစ်၍ ကရင်တိုင်းရင်းသား လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း လက်ဆင့် ကမ်းသယ်ဆောင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာ ဓလေ့ ထုံးတမ်းများ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတို့တွင် အခြားသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ကရင်တိုင်းရင်းသားဘာသာသင်ကြားရေး ဆရာမတစ်ဦးက ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့များက ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချည်ဖြူဖွဲ့ပေးမည့် ကရင်တိုင်းရင်းသား အဖိုး/အဖွားများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ယင်းနောက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားလွတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများအား သတ်မှတ်နေရာ အသီးသီး၌ ချည်ဖြူဖွဲ့ မင်္ဂလာကျင်းပပေးခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရ သည်။

          အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများ၊ ပဲခူးခရိုင်/ညောင်လေးပင် ခရိုင်/တောင်ငူခရိုင်/ သာယာဝတီခရိုင်/ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တို့မှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များ၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ ဖျော်ဖြေရေးအဖွဲ့များ စုစုပေါင်း(၉၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။