ပဲခူး ဩဂုတ် ၂၁
ပဲခူးမြို့၊ သီရိဟံသာအစည်းအဝေးခန်း၌ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် ပါဝင်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကအခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဆိုသည့်အတိုင်း ပဲခူး တိုင်းဒေသကြီးအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် မြန်မာ့ဒူးရင်းသီးနှံဝယ်လိုအားရှိသည့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ဈေးကွက်သေချာသည့် အရည်အသွေးကောင်း ဒူးရင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးပြီး ဒူးရင်း သီးနှံ အခြေခံထုတ်ကုန်များ တိုးတက်မြင့်မားရေးကို အားလုံးပူးပေါင်းဆောင်ရွက်မှသာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ပြည်တွင်းဒေသမျိုး ဒူးရင်းသီးနှံများ ပေါများစွာထွက်ရှိသော်လည်း ပြည်တွင်းဈေးကွက်တစ်ခုကိုသာ အားကိုးနေရသဖြင့် ပြည်ပပို့ကုန်အဖြစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက အစုအဖွဲ့များဖွဲ့စည်းခြင်း၊ တစ်နေရာတည်း အမျိုးအစားတူစိုက်ပျိုးထုတ်လုပ် ခြင်း၊ နည်းပညာဖလှယ်ခြင်း၊ ဒေသမျိုးများ မှတ်ပုံတင်ခြင်းနှင့် ပြည်ပဈေးကွက်ရရှိရေးဖန်တီးပေးခြင်းများ ကို ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဒူးရင်းသီးနှံသည် ဝယ်လိုအား အလား အလာကောင်းသည့် သီးနှံဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဒူးရင်းသီးများ ထွက်ရှိလျက်ရှိပြီး ယခုအခါ ပဲခူးဒေသတွင်လည်း ဒူးရင်းသီးနှံအား စိုက်ပျိုးအောင်မြင်နေကြပြီဖြစ်သည့်အတွက် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အခမ်းအနားသို့ ကြွရောက်လာသည့် ဒူးရင်း သီးနှံစိုက်ပျိုးရေး ဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက်များအပေါ် သေချာလိုက်နာမှတ်သားနာယူ၍ မိမိတို့မှာ ရှိသည့် နည်းပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများအပေါ်အခြေခံပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်း များကို ဖော်ထုတ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ညွန်ကြားရေးမှူး ဦးသိန်းလွင် က ဒူးရင်းသီးနှံ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပြည်ပဈေးကွက်အနာဂတ်အလား အလာ အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းနိုင်က ဒူးရင်းသီးနှံ မျိုးကူးစက်မွေးမြူခြင်းဖြင့်ရရှိသည့် ဒူးရင်းမျိုးသစ်များ၏ အသိပညာများကိုလည်း ကောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ၊ ဦးစိုးသန်းမင်းဒင် မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း ထွက်ရှိ သည့် ဒူးရင်းသီးနှံများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒူးရင်းသီးနှံ ဒေသမျိုးများ ခင်းကျင်းပြသ ထားရှိမှုတို့အား လှည်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒူးရင်းစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။