ပဲခူး ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားအား ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ရေချို ငါးမွေးကန်၊ မြစ်ချောင်းများရှိသလို ရေငန်ဒေသနှင့်လည်း စပ်ဆက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ငါးကဏ္ဍသည် ဒေသတွင်းငါးစားသုံးမှုဖူလုံသည့်အပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဖြန့်ဖြူး တင်ပို့ပေးနေရကြောင်း၊ ယခုသင်တန်းတွင် ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)ဖြစ် သည့် ငါးစတင်မွေးမြူသည့်အဆင့်မှစ၍ စားသုံးသူထံရောက်ရှိသည့်အဆင့်ထိ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း ဘေးဥပါဒ်အန္တရာယ်မဖြစ်စေဘဲ သန့်ရှင်းစွာမွေးမြူထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မရှိ မရှိအောင် မွေးမြူထုတ်လုပ်ခြင်းများကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ် စည်းမျဉ်းစည်းကမ်းများကို လိုက်ပါဆောင်ရွက် နိုင်ပါက GAqp အသိအမှတ်ပြုလက်မှတ်ရရှိလာမှာဖြစ်ကာ မိမိတို့၏ ရေထွက်ပစ္စည်းများ နိုင်ငံတကာသို့ တင်ပို့နိုင်ရေး ခိုင်မာသည့်ဈေးကွက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ငါးစားသုံးသူ ပြည်သူများ ဘေးဥပါဒ်ကင်းရှင်း စွာ အာဟာရပြည့်စားသုံးနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ရေထွက်ကုန်ပစ္စည်းများ အဆင့် အတန်းမီ တိုးတက်ထုတ်လုပ်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာစုမျိုးသွယ်က အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်သင်တန်း ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား အကျယ်တစ်ဝံ့ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် သင်တန်းသား/သူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းသို့ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးသားဖောက်စခန်းမှ ဝန်ထမ်းများ၊ ပဲခူးတက္ကသိုလ်သတ္တဗေဒအထူးပြု ကျောင်းသား/သူများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website