သာယာဝတီ မတ် ၄

ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့၌ ရေဆင်းပေါ်ဆန်းစပါး ခေါင်နှံပျိုး၍ ကောက်စိုက်လုံမပျို များဖြင့် စိုက်ပျိုးခြင်း၊ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လူစီးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ရေဆင်းပေါ်ဆန်းစပါးမျိုးသည် သက်တမ်းစပါးမျိုးဖြစ်၍ ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ တန်ဖိုးမြှင့်စပါးမျိုးဖြစ်၍ ဈေးနှုန်းတွက်ခြေကိုက်မှုရှိခြင်းတို့ကြောင့် တောင်သူ များကိုယ်တိုင် မျိုးသန့်စင်ခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းများအပြင် ဒေသနှင့်ကိုက်ညီသည့် တန်ဖိုးမြှင့် စပါးမျိုးများအား ဩဂဲနစ်စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဦးထက်ဝေခိုင်၏ အသားတိုးဝက်(၇၀)ကောင်နှင့် မျိုးဝက်မ(၆)ကောင် မွေးမြူထားရှိမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဇီဝလုံခြုံရေးအထူးအလေးထားရန်နှင့် သားဖူလုံပိုလျှံမှုရှိစေရေး ဒေသဝက်နှင့် ဒေသကြက်တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၄၈၇)သန်းဖြင့် ၂၄ ပေအကျယ်၊ ထု ၁၀ လက်မ မင်းလှ-ရှမ်းတောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း အစေ့ထုတ်ပြောင်း ဧက(၂၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး အစေ့ထုတ်ပြောင်းအား ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြှင့်ကုန်ချောအဖြစ် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မြစ်သာပေါက်ချောင်းအား ဖြတ်သန်၍ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားချဉ်းကပ်လမ်းများ ကောင်းမွန်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန် တာဝန် ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိမြို့နယ်၊ ဖလံကုန်းကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀) ငရုတ်စိုက်ခင်းများ စိုက်ပျိုးအောင်နေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ငရုတ်သီးအား ကုန်ကြမ်းအတိုင်း မရောင်းချဘဲ ငရုတ်သီးအမှုန့်အမျိုးမျိုးအား ပါကင် စနစ်ကောင်းကောင်းဖြင့် ထုတ်လုပ်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website