ပဲခူး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧပြီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့ရှိ လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် သွားရောက်ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ပြိုလဲနေအိမ်အတွက် တစ်လုံးလျှင်(၂)သိန်းနှုန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါ Family Kit (၁)ပုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် တစ်လုံးလျှင် (၅)သောင်းနှုန်းနှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၃၂,၅၀,၀၀၀) ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးနေသည့် တပ်မတော်သားများအား ချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဇီးကုန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ လျှပ်စစ်မီးတိုင်များ၊ သစ်ပင်များ ပြိုလဲနေမှုနှင့် ကရင်ကုန်းကျေးရွာအတွင်း လေပြင်းဒဏ်ခံခဲ့ရ နေအိမ်များအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးခဲ့ကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေး အပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်အတွင်း ဧပြီလ(၁၇)ရက်နေ့၊ မွန်းလွဲပိုင်းက လေပြင်းတိုက်ခိုက်မှု ကြောင့် ပြိုလဲနေအိမ်(၁၀)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃၇၅)လုံး၊ ဘုန်းတော်ကြီး ကျောင်း(၅)ကျောင်းတို့ ထိခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့၊ သက္ကယ် ချင်းကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ ပြိုလဲနေအိမ်များအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေး စကားပြောကြားခဲ့ပြီး ပြိုလဲနေအိမ် (၅၇)လုံးအတွက် တစ်လုံးလျှင်(၂)သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ Family Kit (၁)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၃၉)လုံးအတွက် တစ်လုံးလျှင် (၅)သောင်းနှုန်းနှင့် ထိခိုက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၈)ကျောင်းအတွက် တစ်ကျောင်းလျှင် (၅)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၇၃,၅၀,၀၀၀) ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး လေဘေးသင့်ပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website