Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပြည် ဧပြီ ၂၇

          ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လေကြောင်းလူငယ်သင်တန်း တက်ရောက် ခြင်းအားဖြင့် လေကြောင်းဆိုင်ရာပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်ခြင်း၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် စုပေါင်းဆောင်ရွက်တက်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပြီး နိုင်ငံတော် အတွက် အနာဂတ်ကာလမှာ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက် လာစေရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးသည့် လေကြောင်းလူငယ်သင်တန်း မှ ထူးချွန်သည့် ကျောင်းသား/သူများသည် လေယာဉ်/ရဟတ်ယာဉ်အစစ်တွေကို နည်းပြလေသူရဲများနှင့် အတူ လိုက်ပါစမ်းသပ်ပျံသန်းခွင့်ရရှိနိုင်မှာဖြစ်သည့်အပြင် နောင်နှစ်တွင်ဖွင့်လှစ်မည့် တန်းမြင့်လူငယ် လေကြောင်းသင်တန်းကို တက်ရောက်ခွင့်ရရှိမှာဖြစ်ကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေး အတွက် နိုင်ငံတော်ကအားထားရသည့် ပျံသန်းရေးဆိုင်ရာပညာရှင်များ၊ လေကြောင်းစက်မှု လက်မှုပိုင်း ဆိုင်ရာပညာရှင်များ၊ မြို့ပြလေကြောင်း ဆိုင်ရာပညာရှင်များ ဖြစ်ပေါ်လာရေးတို့အတွက် လေကြောင်း မျိုးဆက်သစ် လူငယ်များဖြစ်သည်နှင့်အညီ ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံလေကြောင်းလူငယ်သင်တန်းသား များအတွက် ထောက်ပံ့ငွေကျပ်(၆၂)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသားမောင်/မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီးနောက် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓါတ်ပုံ များနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသား/သူများနှင့် အတူတကွ လက္ဘက်ရည်သောက်သုံးခဲ့ကြသည်။ အခြေခံလေကြောင်းလူငယ် သင်တန်း၌ အခြေခံစစ်ပညာ (လက်နက်မဲ့)၊ လေကြောင်းပညာသမိုင်း၊ လေကြောင်းပျံသန်းမှုအခြေခံ သဘောတရား၊ RC လေယာဉ် ကိုယ်တည်ဆောက်မှု၊ RC လေယာဉ်စက်အုံတည်ဆောက်မှု၊ RC လေယာဉ် ဖြုတ်/တပ်ခြင်းနှင့် တည်ဆောက်မှု၊ Simulator (or) RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းစသည့် ဘာသာရပ်များအား ဧပြီလ(၂၇)ရက်မှ မေလ(၂၂)ရက် အထိ သင်ကြားပေးသွားမည်ဖြစ်သည်။

          အဆိုပါအခြေခံပညာလေကြောင်းလူငယ်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ အစိုးရအဖွဲ့ ဝန်ကြီး များ၊ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား /သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။