ပဲခူး မေ ၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ ၅ ရက်နေ့၊ မွန်းလဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီအဖွဲ့ နာယက၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး၏ အဓိကစီးပွားရေး မောင်းနှင်အားသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းအပေါ် အဓိကအခြေခံထားကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးရာတွင် အချိန် အကန့်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့် လုပ်ငန်းများကို သေချာရွေးချယ်စိစစ် ထုတ်ချေး ပေးသွားမှာဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့် စားသုံးကုန်များ နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုစနစ်များ ပြောင်းလဲနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် အစားထိုး ထုတ်လုပ်သည့်လုပ်ငန်းများ ပိုမိုလုပ်ငန်းတိုးချဲ့နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်သလို သဘာဝမြေဩဇာထုတ်လုပ်သည့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေးကိုလည်း ပံ့ပိုးအားပေးမြှင့်တင် ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် ထုတ်ချေးပေးမည့် ချေးငွေများ ကို အကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (၆)ဦးတို့မှ မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေတင်ပြတောင်းခံထားမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် MSMEs အေဂျင်စီအဖွဲ့ဝင်များက တင်ပြသည့် လုပ်ငန်းတစ်ခုချင်းအလိုက် မေးမြန်းခြင်း၊ စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ချေးငွေနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား သင့်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုသုံးသပ်တင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြသည့်လုပ်ငန်းတစ်ခုချင်းအလိုက် လုပ်ထုံး လုပ်နည်းနှင့်အညီ ချေးငွေစိစစ်ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website