ပန်းတောင်း မေ ၂၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ဒေါင်းမြက်နားကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများ နှင့်တွေ့ဆုံခဲ့ရာ ပန်းတောင်းမြို့နယ်အတွင်း ဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူ များက တိုးချဲ့ဆောင်ရွက်လိုသည့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် လိုအပ်သည့် ချေးငွေနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ပြည်-တောင်ကုတ်၊ ပုသိမ်-မုံရွာ ကားလမ်းဆုံ၌ လမ်းညွှန်ဆိုင်းဘုတ်နှင့် မြေယာအလှရှုခင်း တည်ဆောက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ သရက်လိန် ကျေးရွာအုပ်စု၌ ယခင်လျှပ်စစ်မြစ်ရေတင်စနစ်မှ အစိုးရအဖွဲ့ ရက်(၁၀၀)အစီအစဉ်ဖြင့် ဆိုလာမြစ်ရေတင် စနစ်အဖြစ် ပြောင်းလဲတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်တစ်လျောက် ဆိုလာရေတင်စနစ်ဖြင့် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပန်းတောင်း မြို့နယ်၊ ခတ္တိယကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ ရာ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website