ပဲခူး ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက သူနာပြုသိပ္ပံ(ပဲခူး)အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က သူနာပြုသိပ္ပံ(ပဲခူး) ဆိုင်းဘုတ် အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက သူနာပြုသိပ္ပံ(ပဲခူး) ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အား သူနာပြု(သိပ္ပံ) ကျောင်းအုပ်ဆရာမကြီးက ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကာ လက်တွေ့သင်ကြားရေး စာသင်ဆောင်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။
သားဖွားသင်တန်း(ပဲခူး)အား ၁၉၆၀ ခုနှစ်တွင် ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ စတင် ဖွင့်လှစ်ခဲ့ပြီး သားဖွားဆရာမများ မွေးထုတ်ပေးခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ဘက်စုံသားဖွားဆရာမများအဖြစ် အဆင့်မြှင့်တင် မွေးထုတ်ပေးနိုင်ခဲ့ကာ ယခုအခါ သူနာပြုသိပ္ပံအဖြစ် ထပ်မံအဆင့်မြှင့်တင်ပေးနိုင်ခဲ့ သည့်အတွက် ကျား/မ မရွေး ပြည်သူများအားလုံးကို အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်ပေး ခြင်းကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website