Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၄

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိသေးသည့် နေကြာ၊ ပဲဇဉ်းငုံ၊ နှမ်းစသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် အပူဒဏ်နှင့် ရေအနည်းလို သီးနှံများကို ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေခက်ခဲမှုမရှိ စေရေး ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် အလိုက် မြေအမျိုးအစား အားသာချက်များအပေါ်မူတည်ကာ သီးနှံ Export Zone များ သတ်မှတ် ဖော်ဆောင်ရန်ဖြစ်ကာ စိုက်ပျိုးသည့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိနိုင်ရေး ဆောင်ရွက်ရန်ဖြစ် ကြောင်း၊  မွေးမြူရေး ကဏ္ဍနှင့်ပတ်သက်၍ တစ်ပိုင်တစ်နိုင် မွေးမြူသူများအား စီးပွားဖြစ်တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးသွားရန်နှင့် မြို့နယ်အလိုက်ရှိ လူဦးရေအတိုင်း ဥ၊ အသား၊ ငါး၊ နို့ ဖူလုံပိုလျှံစေရေး တွက်ချက်မွေးမြူရန်ဖြစ်ကြောင်း၊ ဒေသခံ တောင်သူများအား လယ်ယာသုံးစက်ကိရိယာ တိုးတက်သုံးစွဲလာနိုင်စေရေးအတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများက ချေးငွေအမြန်ဆုံးရရှိရေး ဆောင်ရွက်ရန်နှင့် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သည့် လုပ်ငန်းများအား သွားရောက်အားပေးအကြံပြုခြင်းများ ဆောင်ရွက်ကြရန် မှာကြားခဲ့ သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေရရှိရေး၊ မြေအမျိုးအစားလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး ပြောင်းလဲစိုက်ပျိုးမည့် အခြေအနေများနှင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ပြင်ဆင်ထားရှိမှုတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးကိုကိုဦးက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုသုံးသပ်တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။