Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး အောက်တိုဘာ ၁၅

        ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအား ပြိုင်ပွဲကျင်းပရေးအဖွဲ့၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဒိုင်လူကြီးများအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများက မိတ်ဆက်ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူရသလို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာရှိတဲ့ အားကစားသမားများ၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်နိုင်ပြီး သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှအားထားရတဲ့ ထူးချွန်တဲ့ အားကစားသမားများဖြစ်အောင် မိမိတို့ရဲ့ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့်ပေါင်းစပ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်ကစားကြရန်နှင့် လိုအပ်သည်များကို အဖက်ဖက်က စောင့်ရှောက်ပေးသွားမှာဖြစ် ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

        ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသင်း (၄) သင်းအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။ ၎င်းနောက်  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင် တို့က ကျန် တိုင်း‌ဒေသကြီးနှင့်ပြည်နယ်အသင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

      ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့၊ မြန်မာ နိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ဒိုင်လူကြီးများအဖွဲ့၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းများအား လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

         အဆိုပါ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအား အောက်တိုဘာလ(၁၆)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း( ၁၄ ) သင်း၊ ပြိုင်ပွဲဝင်အမျိုးသမီးအသင်း( ၁၃ )သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။