ပဲခူး အောက်တိုဘာ ၁၈

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်အဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များသည် အလွန်တန်ဖိုးကြီးမားကာ မတိမ်ကောမပပျောက်အောင် လူငယ်များက လက်ဆင့် ကမ်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများအနေဖြင့် မိမိတို့၏အနုသုခုမပညာရပ်များကို အစွမ်းကုန်ကြိုးစား၍ ရိုးသားစွာယှဉ်ပြိုင်သွားကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်နိုင်ရေးအလံအား အဖွဲ့ခေါ်းဆောင်အုပ်ချုပ်သူတို့ထံ ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များမှ“ရွှေဆု တွေဝိုင်း ရွှေပဲခူးတိုင်း” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ယင်းနောက် အလွတ်တန်းအဆင့်ပြိုင်ပွဲဝင် ကချင်တိုင်းရင်းသားရိုးရာအက အဖွဲ့က ကပြဖျော်ဖြေပြီး ဝါသနာရှင်(ပထမတန်း) အဆင့် အဆိုပြိုင်ပွဲဝင် ဦးဘိုဘိုမင်းက “သူဌေးဝါဒ” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်(ပထမတန်း)အဆင့်ပြိုင်ပွဲဝင် ရုပ်သေးရုပ်စုံသဘင်အဖွဲ့က လည်းကောင်း၊ အခြေခံပညာ(၁၅-၂ဝ)အဆင့် အဆိုပြိုင်ပွဲဝင် မထက်အိန္ဒြေလင်း က “ပန်းတိုင်းပွင့်၍မွှေးသောမြေ” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း) အဆင့်ပြိုင်ပွဲဝင် ဒိုးပတ်အဖွဲ့ကလည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့် အဆိုပြိုင်ပွဲဝင် ဒေါ်နှင်းနှင်းသက်က “ပြည်ထောင်စုရဲ့ထာဝရအလှများ” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်(ပထမတန်း)အဆင့်ပြိုင်ပွဲဝင် တက္ကသိုလ်ဇံဟိန်းဦးဆောင်သည့် တော်ဝင် ဥဿာ မဟာသဘင်က ဝိဓူရဇာတ်တော်ကြီးဖြင့်လည်းကောင်း အသီးသီး သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး တာဝန်ရှိသူများက နည်းပြများ၊ အုပ်ချုပ်သူများနှင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ရင်းရှင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website