ပြည် နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနနိယပွဲတော်ကြီးနှင့်အတူ လယ်ယာသုံးစက်ကိရိယာနှင့် MSMEs ထုတ်ကုန်ပစ္စည်းများပြသပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပြည်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာများနှင့် ဒေသထွက် MSMEs ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ လယ်ယာသုံး စက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်၌ ပဲခူးတိုင်း ဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်(၆၅)ဦး၏ လူသုံးကုန်၊ စားသုံးကုန်နှင့် တိုင်းရင်း ဆေးဝါး စုစုပေါင်း အမျိုးအစား(၃၀၀)ကျော်နှင့် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သူ လုပ်ငန်းရှင်(၂၈) ဦး၏ လယ်ယာလုပ်ငန်းသုံးပစ္စည်းနှင့် သဘာဝမြေဩဇာ အမျိုးအစားပေါင်း(၆၀)ကျော် ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ ဝယ်ယူသူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website