ပဲခူး နိုဝင်ဘာ ၂၄

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၅)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား ယမန်နေ့ ညပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းနှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသိုးသင်္ကန်း စတင်ရက်လုပ်ပူဇော်နိုင်ရန်အတွက် အချက်ပေး ရွှေမောင်းတော်အား တီးခတ်ပေးပြီး ရွှေကောင်းကင် မျိုးဆက်သစ် ဧကရီဆိုင်းတော်မင်္ဂလာအဖွဲ့မှ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် သီချင်းကို သီဆိုပူဇော် ကာ ပြိုင်ပွဲဝင်အသင်းများက စတင်ရက်လုပ်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် ရှင်စောပုစင်တော်တို့မှ မသိုးသင်္ကန်း ရက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့မနက် အာရုံတက်အချိန်တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော် ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ မသိုးသင်္ကန်းရက်လုပ်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒုတိယဆု၊ တတိယဆုနှင့် ယှဉ်ပြိုင်ဆု ရရှိခဲ့သည့် အသင်းများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ် လှည့်လည်ပူဇော်ပြီး ပြိုင်ပွဲဝင်စင်များမှ မသိုးသင်္ကန်းရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများအား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး မုခ်အသီးသီးရှိ ဗုဒ္ဓဘုရားဆင်းတုတော်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website