ပဲခူး ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ် သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၂/၂၀၂၆-၂၀၂၇) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ် သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင် ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှာသာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ စက်မှု လယ်ယာကူးပြောင်းရေး ဆောင်ရွက်ရာမှာ အဓိကအရေးပါသည့် တောင်သူလယ်သမား မျိုးဆက်သစ်များ အနေအား လယ်ယာသုံးစက်ကိရိယာမျိုးစုံ မောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်းဆိုင်ရာများကို စာတွေ့/လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချသွားမှာဖြစ်၍ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာမှာဖြစ်ကြောင်းနှင့် သင်တန်းမှ စနစ်တကျ တတ်မြောက် လာမည့် အတတ်ပညာများကို မိမိတို့ မိတ်ဆွေအသိုင်းအဝိုင်းများကို လက်ဆင့်ကမ်းမျှဝေပေးခြင်း၊ လက်တွေ့အသုံးချခြင်းတို့ဖြင့် မိမိရပ်ရွာဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက်မြင့်မားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ကြား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် သင်တန်းသား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ သင်တန်း၌စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ လယ်ယာသုံး စက်ကိရိယာ အသိပညာပေးစာဆောင်များနှင့် သင်တန်းတွင် လက်တွေ့မောင်းနှင် အသုံးပြုသင်ကြားမည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇)တွင် ပဲခူးတိုင်းဒေသကြီးမှ(၅၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁၂)ဦး စုစုပေါင်း သင်တန်းသား(၆၉)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဘုရားကြီးမြို့၊ ဝေါလမ်းရှိ ကိုငယ်လေး စက်မှုလက်မှုအလုပ်ရုံသို့ ရောက်ရှိခဲ့ပြီး စပါးအခြောက်ခံစက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာမျိုးစုံ ထုတ်လုပ်နေမှုအား လိုက်လံကြည့်ရှုခဲ့ပြီး ကျေးရွာများအလိုက် တစ်ပိုင်တစ်နိုင် စပါး အခြောက်ခံစက်များ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် အလတ်စားစပါးအခြောက်စက်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website