Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၄

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၄)ရက်နေ့၊ နံနက်ပိုင်း က မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေး၏ လုပ်ငန်းစဉ်များ သည် အလွန်များပြားပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရသည့် ဝန်ဆောင်မှုပေးရသည့် ဌာနတစ်ခု ဖြစ်ကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အခွန်အကောက်ရငွေ များဖြင့်သာ ဆောင်ရွက်ရသဖြင့် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေးနှင့် အခွန်ပုန်း အခွန်ရှောင်များကို ဖော်ထုတ်၍ အခွန်ထမ်းအသစ်များရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ အခွန်ငွေဖြင့် ရပ်တည်သည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ ထိုက်တန်သည့်ဝန်ဆောင်မှုကို ပြန်လည်ပေးသွားရမှာဖြစ် ကြောင်း၊ မြို့နယ်နှင့် မြို့များတွင် Public Area အပန်းဖြေပန်းခြံများ တည်ဆောက်ပေးသွားမှာဖြစ်ပြီး တည်ရှိပြီးသား ပန်းခြံများကိုလည်း အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ မြို့ပြများအား Clean City Green City ဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေစေရေးနှင့် ပန်းရောင်စုံဖူးပွင့်စေရေးတို့အတွက် မြို့နယ်အလိုက် ပျိုးဥယျာဉ်များ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးရာသီမရောက်မီ မြို့တွင်းရေမြောင်း များ ပိတ်ဆို့မှုမရှိစေရေး ကြိုတင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စည်ပင်ပိုင်ဈေးများအတွင်း လူနေ ဆိုင်ခန်းများမရှိစေရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မြို့ပြတစ်ခု၏ သန့်ရှင်းသာယာလှပရေးသည် စည်ပင်သာယာ၏ ပုံရိပ်ဖြစ်၍ မိမိတို့ဌာန၏ ပုံရိပ်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ် များသည် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပန်းခြံလိုအပ်သည့် မြို့နယ်များနှင့် မြို့များအလိုက် ပန်းခြံတည်ဆောက်မည့် လျာထားမြေနေရာနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်သွားမည့် မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ ခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးက တင်ပြချက်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြုတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်း အလိုက် မြို့ပြသန့်ရှင်းသာယာလှပစေရေး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။