ပြည် မေ ၂၃

ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားအား ပြည်မြို့၊ တိုင်းဒေသကြီးပညာ ရေးမှူးရုံး(ခွဲ)ရှေ့၌ မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့ ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ ရေးဆိုင်ရာ မြေစိုက်ပိုစတာဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘင်ခရာ အဖွဲ့၊ ပန်းပွားအဖွဲ့၊ ကင်းထောက်လူငယ်အဖွဲ့နှင့် လူရည်ချွန်မောင်/မယ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website