ပြည် အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ထမ္မကောက် ကျေးရွာအုပ်စု၌ တောင်သူဦးအောင်ကို၏ ဆီထွက်ပဲပုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်ပဲပုတ်အား တစ်ကွင်းတစ်ဆက်တည်း တိုးချဲ့ စိုက်ပျိုးရန်နှင့် သဘာဝရွတ်ဖြန်းမြေဩဇာသုံးစွဲနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အနောက်လက်ခုပ်ပင် ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ထုတ်လုပ်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံး သီးနှံမျိုးစုံ မျိုးစေ့ချစက် စမ်းသပ်မောင်းနှင် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ KK3 ကြံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်ရှိ ဦးမျိုးသန့်၏ “ရွှေကြက်ဖကြီး” တိရစ္ဆာန်အစာထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး နဝဒေးစက်မှုဇုန်ရှိ ဦးပီတူး၏ ပဲခွဲစက်ခည်ပတ်နေမှုအားနှင့် ထပ်မံတိုးချဲ့၍ ပဲခွဲစက် စက်တပ်ဆင်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စက်ရုံ၏ ခေါင်းမိုးပေါ်တွင် ဆိုလာတပ်ဆင် သည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စွန့်ပစ်ပလပ်စတစ်ပစ္စည်း များဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်လျက်ရှိသော လုပ်ငန်းရှင် ဦးဇေယျာထွန်း၏ “ရွှေလိပ်ပြာ” အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ ရောက်ရှိခဲ့ရာ ပါမောက္ခချုပ် ဆရာမကြီးက ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပြီး အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ၎င်းနောက် စာကြည့်တိုက်၊ သင်ကြားရေးခန်းနှင့် ကွန်ပျူတာ တက္ကသိုလ်(ပြည်)မှ ဆောင်ရွက်ထားသည့် Project များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သီးခြား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website