ပဲခူး ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် လက်ပံတန်း မြို့နယ်၊အုန်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ရေတိုက်စားခြင်းအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက လုပ်ငန်းတည်ဆောက်ရေးဆိုင်ကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နှင့် မိုးညိုမြို့တို့အား ရေဘေးကာကွယ်ပေး ထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရေဘေးကာကွယ်ရေးတာများအား စက်လှေများဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကွမ်းသီးတစ်ပင်ကျေးရွာအုပ်စု၊ စာနီစုကျေးရွာအနီးရှိ ဧရာဝတီအရှေ့ဘက်ကမ်းတာ တာမိုင် ၉/၀ ၌ ကမ်းရင်းတာ ကမ်းပါးရေတိုက်စားမှုဖြစ်ပေါ်ခဲ့မှုအပေါ် ကာကွယ်နေမှုအခြေအနေများနှင့် ပန်းတာတာကြံ့ခိုင်မှုပြင်ဆင်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဧရာဝတီအရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေးတာများသည် သက်တမ်းကြာမြင့်သည့် မြေသားတာဘောင်များဖြစ်ခြင်း၊ ဧရာဝတီ မြစ်ကြောင်းပြောင်းလဲခြင်းတို့ကြောင့် ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုများအား ရေကင်းများ ထားရှိ၍ စဉ်ဆက်မပြတ် စောင့်ကြည့်ရန်၊ တာပြင်ဆင်ရန်လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံ စွာထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးဘဝများ ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရေး နိုင်ငံတော်မှ ဘဏ္ဍာငွေအမြောက်များစွာ အကုန်အကျခံ တည်ဆောက်ပေးထားသည့် ရေဘေးကာကွယ်ရေး တာများအား ရေရှည်တည်တံ့ခိုင်မြဲစေရေး အားလုံးဝိုင်းဝန်ထိန်းသိမ်း စောင့်ရှောက်ကြရန် အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်း၊ နေ့လည်စာထမင်းဗူး၊ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင်ငွေများ နှင့် စာနီစုရေဘေးကာကွယ်ရေးပန်းတာ ကြံ့ခိုင်မှုအတွက် ဝိုင်းဝန်ဆောင်ရွက်နေကြသော ဌာနဆိုင်ရာများ၊ ဒေသခံလုပ်အားပေးဆောင်ရွက်ခဲ့ကြသူများအတွက် ဂုဏ်ပြုငွေကျပ်သိန်း(၁၀၀)အား သီးခြားချီးမြှင့်ပေး အပ်ခဲ့ပြီး စာနီစုပန်းတာကြံ့ခိုင်မှုအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီ လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် လက်ပံတန်းမြို့နယ်၊ လုလင်ပျိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ဦးစီးပဓာန နယကဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒေသခံ ပြည်သူများအား ရင်းရင်နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website