Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး

ပဲခူး မေ ၃၁

      ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ် ပေးနေမှုအား မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့နှင့်အတူ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ခွဲစိတ်ကုသမှုခံယူကြသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရင်းရင်းနှီးနှီးလက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ကြက်ဥများ၊ ထောက်ပံ့ငွေများကိုပေးအပ်ကာ ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ကျန်းမာရေးဝန်ထမ်းကို လည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာလှမျိုးနိုင်ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများ ပါဝင်သောအဖွဲ့က မေလ(၃၀) ရက်နေ့မှ (၃၁)ရက်နေ့အထိ မွေးရာပါ နှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် အာခေါင်ကွဲလူနာ(၁၃)ဦး၊ စုစုပေါင်း လူနာ(၃၁) ဦးတို့အား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။